ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေတ်ပြိုင် နာမည်ကျော်များ

ဒေါ်အောင်ဆန်းစုကြည်နဲ့ခေတ်ပြိုင် နာမည်ကျော်များ

ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယ ကမ္ဘာစစ် ပြီးခါနီး ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်မှာ ရန်ကုန်မှာ ဖွားမြင်ခဲ့ပါတယ်။

ကမ္ဘာကျော် နိုဘယ်ဆုရ နိုင်ငံရေးခေါင်းဆောင် တယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူသိများပေမယ့် သူ့လိုပဲ မြန်မာပြည် နိုင်ငံရေးနဲ့ တခြားမျက်နှာစာတွေမှာ သြဇာကြီးသူတွေလည်း သူနဲ့ ရွယ်တူ တန်းတူတွေ ထဲမှာ ရှိနေပါတယ်။

ဒီလူတွေဟာ ဒေါ်အောင်ဆန်းစုကြည်လိုပဲ မြန်မာပြည် လွတ်လပ်ရေးရစ ပြည်တွင်းစစ် ပြင်းထန်တဲ့ကာလကို ဖြတ်သန်းခဲ့ကြပြီး ၁၉၆၂ အာဏာသိမ်းပြီး နောက်ပိုင်းနှစ်တွေမှာ လူလား မြောက်ခဲ့ကြပါတယ်။

သူ့လို ပြည်ပထွက်ပြီး ပညာဆည်းပူးခွင့် ရသူတွေ ရှိသလို မရကြသူတွေလည်း ရှိပါတယ်။

သူတို့ရဲ့ နိုင်ငံရေးနောက်ခံနဲ့ ထူးချွန်ရာ နယ်ပယ်တွေ ကွဲပြားပေမယ့် တူညီတာကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးစီးပွားရေး အရွေ့အပြောင်းတွေရဲ့ ရိုက်ခတ်မှုတွေကြားမှာ သူတို့ ဖြတ်သန်းခဲ့ကြတာ ဖြစ်ပါတယ်။

ဒီထဲက ကောက်နုတ်ပြရမယ်ဆိုရင်

သမ္မတဟောင်း ဦးသိန်းစိန်

မြန်မာပြည် သမ္မတဟောင်း ဦးသိန်းစိန်ဟာ ၁၉၄၄ – ၁၉၄၅ ကာလ မြစ်ဝကျွန်းပေါ်မှာ မွေးဖွားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၂ဝဝ၃ မှာ နအဖ အတွင်းရေးမှူး (၂) ဖြစ်လာပြီး ၂ဝဝ၄ ခုနှစ်မှာ အတွင်းရေးမှူး (၁) ဖြစ်လာပါတယ်။

၂ဝဝ၇ က စပြီး ဗိုလ်ချုပ်ကြီးရာထူးနဲ့ ဝန်ကြီးချုပ် တာဝန်ယူခဲ့သလို အမျိုးသား ညီလာခံကို ပြီးပြတ်အောင် ကျင်းပပေးခဲ့ပါတယ်။ ၂ဝဝ၈ ခုနှစ် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းမှာတော့ ကယ်ဆယ်ရေးတွေ မဆောင်ရွက်နိုင်သူအဖြစ် ဝေဖန်ခံခဲ့ရပါတယ်။

နောက် ၂ဝ၁ဝ မှာ တပ်က ထွက်ပြီး ကြံ့ခိုင်ရေး ပါတီကို တည်ထောင်ခဲ့ပါတယ်။ ၂ဝ၁၁ မှာ ကြံ့ခိုင်ရေးအစိုးရသစ် ခေါင်းဆောင် ဖြစ်လာပြီး ၂ဝ၁၂ နောက်ပိုင်း နိုင်ငံ တံခါးဖွင့်ရေးကို ဦးဆောင်ခဲ့သူအဖြစ် မီဒီယာတွေမှာ ဖော်ပြခံခဲ့ရပါတယ်။

တချိန်တည်းမှာပဲ ရခိုင်မှာဖြစ်တဲ့ လူမျိုးရေး အဓိကရုဏ်းကနေ ပြည်မနဲ့ ပြည်နယ်တချို့ကို ကူးစက်ခံရချိန်မှာတော့ မွတ်ဆလင် လူနည်းစုကို ကာကွယ်ဖို့ ပျက်ကွက်တယ် ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။

၂ဝ၁၅ မှာတော့ လူမျိုးစုလက်နက်ကိုင် ရှစ်ဖွဲ့နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ် ထိုးနိုင်ခဲ့ပါတယ်။ သူ့လက်ထက် စီးပွားရေးပြုပြင်မှုတွေနဲ့ အတူ သတင်းမီဒီယာနဲ့ တခြား လွတ်လပ်ခွင့်ပိုင်းတွေမှာလည်း ဖြေလျှော့မှုတွေ လုပ်ခဲ့ပါတယ်။

၂ဝ၁၆ နောက်ပိုင်း ကြံ့ခိုင်ရေးပါတီနာယကအဖြစ် ဆက်လက် တာဝန်ယူဆဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးတင်အေး

တံတားဦးဇာတိ ဦးတင်အေးဟာ မန္တလေးမြို့မှာ ကြီးပြင်းခဲ့ပါတယ်။ မစိုးရိမ်ကျောင်းဒကာ ဦးသက်ရှည်ရဲ့မြစ်နဲ့ လက်ထပ်ပြီး ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ရဲ့ ယောက်ဖ တော်စပ်ပါတယ်။ နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီမှာ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ပါဝင်ခဲ့ပြီး ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ကျင်းပပေးခဲ့ပါတယ်။

စစ်လက်နက်ပစ္စည်း အရာရှိချုပ် ဖြစ်ခဲ့သလို တပ်မတော်စီးပွားရေး လုပ်ငန်းကြီး ဖြစ်တဲ့ ဦးပိုင်မှာလည်း ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။

ကွန်မြူနစ် ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်း

သတင်းစာဆရာ လူထုဦးလှနဲ့ ဒေါ်အမာရဲ့ သားအဖြစ် ထင်ရှားတဲ့ ဦးဖိုးသံချောင်းဟာလည်း ၁၉၄၅ ခုနှစ်ဖွား ဖြစ်ပါတယ်။

၁၉၄၉ က မန္တလေးမြို့မှာ အစိုးရတပ်တွေက မိသားစုဝင်တွေကို သတ်ဖြတ်ဖို့ ကြိုးစားရာမှာ ဘုန်းတော်ကြီးတပါးရဲ့ ဖြန်ဖြေမှုကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့ပြီး ၁၉၆၂ နောက်ပိုင်း မန္တလေး တက္ကသိုလ်ကျောင်းသား သမဂ္ဂမှာ တက်ကြွ ပါဝင်ခဲ့ပါတယ်။

၁၉၆၃ ပြည်တွင်း ငြိမ်းချမ်းရေး ပျက်ပြီးနောက် ဖမ်းဆီးခံရပြီး ကိုကိုးကျွန်းမှာ ထိန်းသိမ်းခံရပါတယ်။ ၁၉၇၂ မှာ လွတ်မြောက်ခဲ့ပြီး ၁၉၇၆ မှာတော့ နောက်ထပ် ဖမ်းဆီးခံရမယ့်ဘေးက ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီမှာ ပါဝင်ခဲ့ပြီး ပြောရေးဆိုခွင့် ရှိသူအဖြစ် ထမ်းဆောင်နေဆဲ ဖြစ်သလို ကလောင် အမျိုးမျိုးနဲ့လည်း စာပေရေးသားဆဲဖြစ်ပါတယ်။

အမည်ရင်းက မောင်ချစ်ခင် ဖြစ်ပြီး သူ့အကြောင်း ထောင်နှင့်မိခင် ဆိုပြီး လူထုဒေါ်အမာက ရေးသားခဲ့သလို မြသန်းတင့်ရဲ့ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည် ဝတ္ထုမှာလည်း သူ့အမည်ကို ဇာတ်ကောင်အမည် အဖြစ် ထည့်သွင်း သုံးစွဲခဲ့ပါတယ်။

ကျောင်းနေဘက် ဒေါက်တာလှရီရီ

၁၉၈၈ မှာ လန်ဒန် တက္ကသိုလ်က ပါရဂူဘွဲ့ရတဲ့ ဒေါက်တာလှရီရီဟာ ရန်ကုန် ဆေးတက္ကသိုလ် (၁) မှာလည်း ဇီဝကမ္မဗေဒ ပါမောက္ခအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။

နောက် သူဟာ ဆေးလက်တွေ့ အကြို ဘာသာရပ်တွေကို အနောက်နိုင်ငံတွေ စေလွှတ်ပြီး ပညာသင်ခွင့် ရခဲ့တဲ့ လမ်းစဉ်ပါတီခေတ်ရဲ့ နောက်ဆုံးပညာတော်သင် အုပ်စုက ဖြစ်ပါတယ်။

၁၉၉၆ မှာ မလေးရှားကို ပြောင်းရွှေ့ ပြီး ပါမောက္ခအဖြစ် ဆက်အမှုထမ်းသလို လက်ရှိမှာလည်း မြန်မာနိုင်ငံကင်းထောက်အဖွဲ့မှာ ဝါရင့်အမျိုးသမီးကင်းထောက် တဦးအဖြစ် ကျောင်းနေဘက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဆောင်ရွက်နေပါတယ်။

ဇော်ဝမ်း

ကျောက်ခဲသီချင်းနဲ့ စေလိုရာစေ ဇာတ်ကားမှာ နာမည်ကြီးခဲ့တဲ့ ဇော်ဝမ်းဟာ မန္တလေးက ဖက်ဆစ်တော်လှန်ရေးသမား တိုင်းချစ်သခင်သိန်းဖေနဲ့ စာရေးဆရာမ ဒေါ်မြမြတို့ရဲ့ သားဖြစ်ပြီး ၁၉၄၅ မှာ မွေးပါတယ်။

ဒါရိုက်တာ မောင်တင်ဦးရဲ့ညီဖြစ်ပြီး အစ်ကိုက အကယ်ဒမီငါးဆု ရခဲ့ပေမယ့် ဇော်ဝမ်းကတော့ တဆုမှ မရခဲ့ပါဘူး။ ဒါပေမဲ့ သင်္ကြန်မိုးဇာတ်ကားမှာ သူ့ရဲ့သရုပ်ဆောင်မှုနဲ့အတူ သူဆိုခဲ့တဲ့ သင်္ကြန်သီချင်းတွေကြောင့်လည်း ဇော်ဝမ်းကို လူကြိုက်များခဲ့ပါတယ်။

နေထွက်သောည၊ ကျွန်တော်နှင့် ကိုဘကျော် ၊ ဘယ်သူပြိုင်လို့ လှပါတော့နိုင်၊ ပလက်ဖောင်းမင်းသားစတဲ့ ဇာတ်ကားတွေမှာ ထင်ရှားခဲ့ပြီး နွေရူပမှာ အကယ်ဒမီရဖို့ တစ်ပြေးခဲ့ဖူးပါတယ်။

ဇော်ဝမ်းဟာ မူးယစ်ဆေးအမှုနဲ့ ၁၉၇ဝ ကျော်မှာ ထောင်ကျခဲ့ပြီးမှ တကျော့ပြန် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ၂ဝဝ၉ က ကွယ်လွန်ခဲ့ပြီး ဖြစ်ပါတယ်။

မူရင်း-BBC

Be the first to comment

Leave a Reply

Your email address will not be published.


*