မြန်မာ့အငြိမ့်လောကတွင် ထင်ရှားခဲ့တဲ့ လေဘာတီမမြရင်အကြောင်း

မြန်မာ့အငြိမ့်လောကတွင် ထင်ရှားခဲ့တဲ့ လေဘာတီမမြရင်အကြောင်း

နာမည်ကျော် အငြိမ့်မင်းသမီးနှင့် ဓာတ်ပြားအဆိုတော် လေဘာတီမြရင် (၁၉၀၄ – ၁၉၄၅) ကို မင်းသား ဦဖိုးသစ်နှင့် မင်းသမီးဒေါ်ဉာဏ်ယုံတို့က ၁၂၆၆ ခုနှစ်တွင် သာစည်နယ် ရွှေဖလားကန်ရွာ၌ မွေးဖွားခဲ့သည်။

သဘင်မျိုးရိုး ဖြစ်သောကြောင့် ငယ်စဉ်ကပင် သဘင်ပညာ အရပ်ရပ်နှင့် နီးစပ်သိမီခဲ့ပြီး ဝါသနာနှင့် ပင်ကိုယ်ပါရမီတို့ကြောင့် မန္တလေးမြို့သို့ ကပြရန် ရောက်ရှိသွားသောအခါ မြို့ အငြိမ့် မင်းသမီးများနှင့် အပြိုင်အဆိုင် ကနိုင်ခဲ့သည်။

အမျိုးသားဇာတ်ရုံရှိ ရုပ်တု – မန္တလေး အမျိုးသား ကဇာတ်ရုံ ရှေ့ရှိ လေဘာတီ မမြရင် ရုပ်တု

မမြရင်သည် အသက်၂၀ အရွယ်၌ အိမ်ထောင်ကျသည်။ သို့သော်လည်း အငြိမ့်သဘင်သည် ဖြစ်သောကြောင့် ဤသူကား မမြရင်၏ ခင်ပွန်းပါဟု အထင်ကရ ပြသပြောဆိုခြင်း မရှိ။ ခင်ပွန်းဖြစ်သူကလည်း ငွေကြေး ချမ်းသာသော မျက်နှာကြီး ဖြစ်သဖြင့် မမြရင်မှာ သူ၏ ဇနီးဟူ၍ ကြော်ငြာပြောဆိုခြင်း မရှိဘဲ တစ်သက်လုံး သမီး ရည်းစား လင်မယား ဘဝနှင့် နေသွားကြရသည်။

မမြရင်ဆိုသော ဦးသဝန်ကြောင် သီချင်းမှာ လူပြက်များနှင့် ရော နှော နေထိုင်သည်ကို မကြိုက်နိုင်ကြောင်း ထိုပုဂ္ဂိုလ်က ပြောသဖြင့် နန်းတော်ရှေ့ ဆရာတင်က သိရှိပြီး အချက်ကျကျ ရေးလိုက်သော သီချင်းဖြစ်ကြောင်း သိရှိရပါ၏။

၉၁ ဋ္ဌာန၊ ရှင်တစ်ခုပဲ၊ သော့တွဲဆိုသော သီချင်းများမှာလည်း သူတို့နှစ်ဦး၏ ဘဝကို ထင်ဟပ်ပြသည့် သီချင်းများဖြစ်၍ နှစ်ပိဿခွဲ၊ ထင်သလိုနေ၊ ဖနောင့်ဗွေ သီချင်းများမှာလည်း သူ့ချစ်သူအပေါ် မကျေမနပ်ဖြစ်ရသည့် အကြောင်းများကို သီချင်းရေးဆရာအား ရင်ဖွင့်ရေးသားခိုင်းပြီး သီဆိုခဲ့သည်ဟု ဖတ်မှတ်ရသည်။

လေဘာတီမမြရင်မှာ အသက် ၁၅ နှစ်အရွယ်မှ အသက် ၄၂ နှစ် ကွယ်လွန်ချိန်အထိ ၂၇ နှစ်လုံးလုံး အငြိမ့်ကပြသွားသည်။ မမြရင်အတွက် သီချင်း ရေးပေးကြသော ဆရာများမှာ ဦးသာဒင်၊ နန်းတော်ရှေ့ ဆရာတင်၊ မြို့မငြိမ်း၊ ဆရာထာ၊ ဆရာရွှေတိုင်ညွန့် တို့ဖြစ်ပြီး နန်းတော်ရှေ့ ဆရာတင်နှင့် မြို့မငြိမ်းတို့က အများဆုံး ရေးသားကြောင်းနှင့် ဓာတ်ပြားသွင်းရာတွင် ရွှေလိပ်ပြာ ကုမ္ပဏီနှင့် ဓာတ်ပြား၂၄ ချပ်၊ အောင်မင်္ဂလာတွင် ၂၄ချပ်၊ ခွေးတံဆိပ် ကုမ္ပဏီ၌ အချပ် ၆၀၊ ကိုလံဘီယာ ကုမ္ပဏီအတွက် ၁၂ ချပ် သွင်းကြောင်း လူထုဒေါ်အမာ၏ “ ပြည်သူချစ်သော အနုပညာသည်များ ” စာအုပ်တွင် အတိအကျ ဖော်ပြပါရှိသည်။

သို့သော်လည်း ယခုအချိန်အထိ မမြရင် သီဆိုအသံသွင်းသွားသော သီချင်းဓာတ်ပြားများ ပြည့်စုံအောင် ရှာဖွေ မရရှိသေးဘဲ သီချင်းပေါင်းများစွာ ပျောက်ဆုံးနေပါသေးသဖြင့် မမြရင်၏ ဓာတ်ပြားများ လက်ဝယ်ရှိသူများက နှောင်းခေတ် ဂီတဝါသနာရှင်တို့ မှတ်သား သီဆိုနိုင်ရန်နှင့် မှတ်တမ်းအဖြစ် ထားရှိနိုင်ရန် ပေးပို့ လှူဒါန်းစေလိုပါကြောင်း မေတ္တာရပ်ခံအပ်သည်။

ကျွန်တော်သည် မန္တလေး အရှေ့ကျုံးလမ်းရှိ အမျိုးသား ကဇာတ်ရုံရှေ့သို့ ရောက်လေတိုင်း တချိန်ကလျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့သော အငြိမ့်မင်းသမီးကြီး တယောက်ကို လှမ်း၍ ကြည့်မိတတ်သည်။ သို့သော် ထိုမင်းသမီးကြီးကား သက်ရှိ ထင်ရှားတော့ မဟုတ်။ ကြေးချိန် ပိဿာ ၃၀ဝ ရှိ ကိုယ်တပိုင်းပုံတူ ရုပ်တုကြီးသာ ဖြစ်သည်။ ငွေကျပ် ၁•၈ သန်း ကုန်ကျခံပြီး ၃၁၊ ၈၊ ၂၀၀၂ ရက်နေ့က စိုက်ထူ ပေးထားခြင်း ဖြစ်သည်။

ပုံတူရုပ်တုကြီး၏ အောက်ခြေကို ကြည့်မည်ဆိုလျှင် ဤသို့ မှတ်တမ်းရေးထိုးထားသည်ကို တွေ့ကြရမည် ဖြစ်သည်။ ဦးဖိုးသစ်၊ ဒေါ်ဉာဏ်ယုံတို့မှ ၁၂၆၆ ခုနှစ်တွင် သာစည်နယ် ရွှေဖလားကန်ရွာ၌ ဖွားမြင်သည်။ ၁၅ နှစ် အရွယ်မှစ၍ အငြိမ့်ကခဲ့သည်။

အသံမင်းသမီးဟု ခေါ်စမှတ် ပြုခဲ့ရသည်။ ၁၃၀၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်နေ့တွင် စဥ့်ကိုင်မြို့နယ်၊ ဧည့်ပြရွာ၌ ကွယ်လွန်သွားခဲ့သည်။ ဇာတိရပ်ရွာ၌ မိဖများနှင့် နေစဉ်က တောင်သူ လယ်သမား အလုပ်နှင့် ကြီးပြင်းခဲ့ဟန် တူသည်။

“ထမီကလေး တိုတိုဝတ်ကာ၊ ကျွန်မငယ်စဉ်အခါ၊ လူထဲမဝင်သေးတော့ အလှအပြင်အဆင်ချာ၊ မယ်ရင် ကုန်ကုန်bပြောမယ်၊ တော်သက်သက်မို့၊ ဘယပ်ဒွါဒယာ ရွှံ့တွေ ကပ်စီးကပ်စီး ပုတီးလုပ်ကာ ဆွဲတတ်ကာ၊ ဒေါ်လာပြားတွေ ၁၅ ပြားလောက် ဆွဲတတ်တာ၊ ကိုကိုတို့က မြှောက်စားပေမဲ့ ဟိုတုန်းကလောက် မပျော်ပါ” ဟု သူကိုယ်တိုင် သီဆိုခဲ့သော ‘ရွှေပြည်စိုး’ သီချင်းအရ သူ၏ ငယ်စဉ် ဘဝကို သိသာလေသည်။

လေဘာတီ မမြရင်သည် အငြိမ့်မင်းသမီး အဖြစ်သာ မဟုတ်၊ ဓာတ်ပြား အဆိုကျော် အဖြစ်လည်း နာမည်ကြီးသူ ဖြစ်သည်။

သူနှင့် ခေတ်ပြိုင် ပေါ်သော အငြိမ့်သဘင် ပညာရှင်များမှာ ဥက္ကလာအေးကြည်၊ ဒဂုံခင်လှကြည်၊ ဩဘာသောင်း၊ ယူနီဗာစီတီ မြသန်းကြည် စသည်တို့ ဖြစ်သည်။

မမြရင် သီဆို၍ ဓာတ်ပြား သွင်းခဲ့သော နာမည်ကျော် သီချင်းများမှာ မွန်းလိုက်ဂလိုရီ၊ ပဒုမ္မာ ရွှေကြာ၊ ခင့်သဘော၊ မောင်မောင့် ရွှေကျေး၊ ထင်သလိုနေ၊ အိုကေ၊ စိတ်တခု ယုတ်ကိုးဆယ်၊ ဥစ္စာရင်းမှန်ပြန်၊ သော့တွဲ စသည်တို့ ဖြစ်သည်။ လေဘာတီ မမြရင် သီဆိုခဲ့သော သီချင်းများ အနက် ထက်ပေါ် ကျော်ကြားသော တေးသွားမှန်သမျှ နန်းတော်ရှေ့ ဆရာတင်၏ လက်ရာ များလေသည်။

သူနှင့် တွဲသော အငြိမ့်လက်စွဲ (ယခုအခေါ် လူပြက်) များမှာ ဦးဓာတ်ဆီ၊ ဦးသင်္ခါ၊ ဦးဓာတ်ခိုး၊ ဦးညှပ်ကြီး၊ ဦးဒန်ပေါက် စသည်တို့ ဖြစ်ကြသည်။သူ့ခေတ် သူ့အခါက သူ၏ အောင်မြင်ကျော်ကြားပုံနှင့် ပရိသတ်များ ချစ်ခင် နှစ်သက်ပုံတို့မှာ ကြောက်စရာပင် ကောင်းလှသည်။

မန္တလေးမြို့ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်၌ လေဘာတီ မြရင် အငြိမ့် ကနေစဉ်က ဖြစ်၏။ ပွဲပြီးလျှင် မမြရင်ကို လူမျိုးခြား ဘာသာခြား သူဋ္ဌေးသား တစ်ဦးက မေမြို့ (ပြင်ဦးလွင်) သို့ ကားနှင့် ခေါ်သွားမည့် အစီအစဉ် ရှိသည်ဟု သတင်း ထွက်လာ၏။ ထိုသတင်းကို မမြရင် အငြိမ့်ကရာ နောက်သို့ တကောက်ကောက် လိုက်နေသည့် ရုံတော်ကြီးမှ ကာလသား တသိုက်က ကြားသိသွား၏။

ထို့ကြောင့် လူစုပြီး ရှင်ဘို့မယ်ဘုရား အနောက်ပေါက်မှ အသင့် စောင့်ဆိုင်းနေကြသည်။ ပွဲပြီးသော် သူဋ္ဌေးသားက မမြရင်နှင့် မိခင်ဖြစ်သူ ဒေါ်ဉာဏ်ယုံကို ကားနှင့် တင်ခေါ် လာခဲ့၏။ ရှင်ဘို့မယ် ဘုရား အနောက်ပေါက် ရောက်သည်နှင့် အသင့် စောင့်နေသော ကာလသားများက ပုလင်းနှင့် လှမ်းပေါက်လိုက်သည်။ သို့သော် သူဋ္ဌေးသားကို မမှန်ဘဲ အနီးရှိ ဓာတ်တိုင်ကို သွား၍ မှန်သည်။ လွင့်စဉ်လာသော ပုလင်းကွဲက မမြရင်၏ ပါးကို ဝင်၍ မှန်လေသည်။

သို့ဖြင့် မမြရင်၏ ပါး၌ သေရာပါ အမာရွတ်ကလေး ထင်ကျန်ရစ်ခဲ့ရရှာလေသည်။ ပါးမှ ဒဏ်ရာကို ဒေါက်တာရှားမားနှင့် ကုသ၍ ပျောက်ကင်းသည့် အခါ ပထွေးဖြစ်သူ ဦးသာဒင် ရေးစပ်ပေးသည့် (သတင်းစာတွင် – လေဘာတီ မြရင် – မြရင် – မြရင် – မျှော် – မျှော်အကြောင်း ဆိုးလေခြင်းနော် – ဩော် – ဩော် – အကျိုးယုတ် ပါဘိတော် – ပုလင်းမှန်တာ – သည်ဒဏ်ရာ စီမံလာ – ဘယ်ဝဋ်ကြွေးလည်း ချင့်ထွေးနိုင်ဖူး ရှင် – ဩော် … မြစပယ်ရှယ်ရင်) ဟူသော မြစပယ်ရှယ်ရင် သီချင်းဖြင့် သီဆို ကပြရာ မြင်ရသူတိုင်း ကရုဏာသက်ကာ ရင်ဆို့ ခဲ့ကြရသည်။ မမြရင် ပုလင်းကွဲမှန်သဖြင့် နန်းတော်ရှေ့ဆရာတင်က (တုံးကျော်မ) သီချင်းကို ရေးစပ်ပေးသည်ဟု ပြောဆိုနေကြခြင်းမှာ မမှန်ပါ။

ပုလင်းကွဲမှန်ခြင်းမှာ မမြရင် ငယ်ငယ် နာမည်ကျော်စ အချိန်က ဖြစ်သည်။ တုံးကျော်မသီချင်းက မမြရင် အသက် ၃ဝ ကျော်မှ ဆိုသည့် သီချင်း ဖြစ်သည်။ ရှမ်းပြည်နယ်သို့ ပွဲသွားကရာ ငှက်ဖျားမိပြီး လက်ခံထားသော ပွဲများ ဖျက်လိုက်ရသဖြင့် (လေဘာတီ မြရင် သေပြီ) ဟု သတင်းကျော် သွားခဲ့သည်။

ကျန်းမာ၍ ပွဲပြန်ကသော အခါ နန်းတော်ရှေ့ ဆရာတင်က –“ သေနိုင်ပါရိုးလား လေဘာတီရယ် ပေတရာဆီ လျှောက်ပါလို့ မြင်သလောက် ပြလိုက်ချင်ပါသည်။ အခြေလည်း တိုးတက် – အနေလည်း တိုးတယ် – မသေဘဲကိုးကွယ် – မျှော်တော်မူကြသည်၊ ဩော် … မမုန်းနဲ့နော် ကျွန်မအတည်၊ ရုပ်တော်တော်လှပါသည် – တုံးကျော်မ လေဘာတီ” ဟူသည့် (တုံးကျော်မ) သီချင်းကို ရေးစပ် ပေးခဲ့သည်။ ထိုသီချင်းသည် လေဘာတီ မြရင်၏ လူကြိုက်အများဆုံး သီချင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။

နန်းတော်ရှေ့ ဆရာတင်နှင့် လေဘာတီမမြရင်ကို လမိုင်းကပ်သည်ဟု ဆိုသော်ရ၏။ အဘယ်ကြောင့် ဆိုသော် ဆရာတင် ရေးပေးသော သီချင်းကို လေဘာတီမမြရင် ဆိုလိုက်သည်နှင့် အောင်မြင် ကျော်ကြား လူကြိုက်များ သွားတတ်သောကြောင့် ဖြစ်သည်။

ထို့ကြောင့်လည်း အခြားသော မင်းသမီးများက ဆရာတင်အား (လေဘာတီမမြရင် အတွက် သီချင်းရေးရင် သူများတွေအတွက် ရေးတာနဲ့ မတူဘူး၊ စေတနာကို ပိုလွန်းတယ်) ဟုပင် ခနဲ့တဲ့တဲ့ လုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဆရာတင်ကတော့ တဟဲဟဲ ရယ်လျက်။ ဆရာတင်ကလည်း သီချင်းကို အာမခံနှင့် ရေးသူ ဖြစ်၏။ သူ့သီချင်းကို သီဆိုပြီး ကလျှင် ထို မင်းသမီး နာမည် ကျော်စေရမည်။ သူ့သီချင်း မကျော်ခဲ့လျှင် ပိုက်ဆံ တပြားမှ မပေးနဲ့ဟု ရဲရဲကြီး အာမခံတတ်သည်။ အာမခံသည့် အတိုင်းလည်း မင်းသမီး အတော်များများမှာ သူ့သီချင်းဆိုပြီး ကျော်သွား ခဲ့ကြသည်သာ ဖြစ်၏။

မမြရင်ကိုလည်း ဆရာတင်ကပင် (မင်း နာမည်ကျော်ချင်ရင် မန္တလေးလာခဲ့) ဟု သူကိုယ်တိုင် ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း ဆရာတင် မသေမီက ပြောသွား ခဲ့ဖူးသည်။

ဤမျှသာ မကသေး။ မမြရင်ကို ခိုးပြေးဖို့ ကြိုးစားခဲ့သေးကြောင်း မမြရင် အမေကြီး တွေ့သွား၍ ပခုံးပေါ် ထမ်းလာသော မမြရင်ကို ပြန်ချ ထားခဲ့ရကြောင်း စသည်ဖြင့် ဆရာတင် မသေမီက ပြောပြတတ်သေးသည်။

သို့သော် အများစုက ထိုစကားကို မယုံကြ။ (သူ့ဗလနဲ့လား လေဘာတီမမြရင်ကို ထမ်းနိုင်မှာ) ဟု ဆိုကြသည်။ မည်သို့ပင် ဖြစ်စေ၊ လေဘာတီမမြရင်နှင့် ဆရာတင်တို့ နှစ်ဦး အထူးတလည် ခင်မင် ရင်းနှီးသည့်ကတော့ အမှန်ပင်။ ခင်မင် ရင်းနှီးရုံ သာမက၊ မမြရင်မှာ ဆရာတင်၏ ညှဉ်းဖတ်မင်းသမီးပင် ဖြစ်ခဲ့ရသေးသည်။ ဆရာတင် ငွေလိုတိုင်း မမြရင်ထံ လက်ဝါး လာဖြန့်တတ်သည်။ မပေးမချင်း မပြန်။ ငွေရတော့လည်း ပြန်ပေးချင်မှ ပေးသည်။ မပေးသည်က များသည် ဆို၏။

ဆရာတင် သီချင်းနှင့် လေဘာတီ မြရင် အဆိုတို့ လူကြိုက်များ အောင်မြင်ခဲ့ခြင်းမှာ ဆရာတင် တယောက်တည်း အရေးအစပ် ကောင်း၍ချည်း မဟုတ်။မမြရင်၏ အသံ မမြရင်၏ အဆိုကလည်း မည်သူမျှ လိုက်မမီနိုင်အောင် ကောင်းလွန်းသောကြောင့် ဖြစ်သည်။

မမြရင် အသံက အသံဝါ ဖြစ်၏။ ဆွဲတိုင်းရ၏။ ဟစ်တိုင်း ပေါက်၏။ ဘယ်သံ၊ ညာသံ လိုသလို ကူးနိုင်၏။ သူ့ခေတ်တုန်းက ယခုလို အသံ ချဲ့စက်တွေ မပေါ်သေး။ ပွဲခင်း တခုလုံးရှိ ပရိသတ်များ အားလုံးကြားအောင် ကြိုးစား ပမ်းစား ဆိုရ၏။မမြရင် သီချင်း ဟစ်လိုက်လျှင် အခြားပြိုင်က နေသည့် ဇာတ်ပွဲ အငြိမ့်ပွဲဆီမှ ပရိသတ်များပါ သူ့ထံ ရောက်လာကြတော့သည်။

မမြရင်၏ အသံ၊ မမြရင်၏ အဆိုနှင့် ပတ်သက်၍ ဂီတမယ် လှကလေးစိန်က “မမရင် အသံက မြည်လည်း မြည်တယ်၊ ပီလည်း ပီတယ်၊ သာလည်း သာတယ်၊ ကြည်လည်း ကြည်တယ်၊ ဆိုတဲ့ နေရာမှာလည်း စာပေါင်ပဲ့တယ်၊ လျှာကိုက် နာတယ်၊ အာစောက်လည်း ရှိတယ်၊ အသံမြေကျလည်း သာတယ်၊ အဝေးကြား သိပ်ကောင်းတာဘဲ၊ မင်းသမီး ဆိုတာ အချို့က အသံပါးလို့ မအော်နိုင်ကြဘူး၊ ဉာဏ်ကွန့်ပြီး အလိမ္မာဖက် ဆိုကြရတယ်၊ မမရင်တို့ ကျတော့ လွှတ်ပြီး အော်ဆိုတဲ့ အခါ အဝေးကြီးကလည်း ကြားရတယ်၊ အင်မတန်မှလည်း သာယာတယ်၊ တကယ့်ကို ပါရမီ ရှိသူပါ” ဟု ပြောကြား သွားခဲ့သည်။

ထို့ကြောင့်လည်း မန္တလေး အမျိုးသား ကဇာတ်ရုံရှေ့ရှိ လေဘာတီမမြရင် ကြေးရုပ်တု အောက်ခြေတွင် (အသံ မင်းသမီး) ဟု မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်လေသည်။

နေမျိုးဗလ ကျော်သူ ဘွဲ့ရ ရွာစားကြီး စိန်ဗေဒါ၏ အတီးနှင့် လေဘာတီ မြရင်၏ အဆို အက တွဲလိုက်လျှင် ကောင်းသည်ထက် ပိုကောင်း သွားတော့သည်ဟု သဘင်နယ်တွင် ပြောစမှတ် ဖြစ်ခဲ့သည်။ သို့သော် သူတို့ နှစ်ယောက်စလုံးက ထိပ်သီး ပညာရှင်များ ဖြစ်သည့်အလျှောက် ပွဲကြေးက ကြီးလှ၏။ ထို့ကြောင့် ငှားနိုင်သူက ခပ်ရှားရှား။

သို့တိုင် သူတို့ နှစ်ယောက်စလုံး၏ အဆို၊ အတီး၊ အကကို အလကား ကြည့်ရသော ပွဲတပွဲက မန္တလေးတွင် ရှိခဲ့၏။ ထိုပွဲက မန္တလေး လက်ဆည်ကန်ယပ်ဝင်း ဘုရားပွဲ ဖြစ်၏။ ယပ်ဝင်းဘုရားပွဲကို စိန်ဗေဒါကြီးက နှစ်စဉ် အလကား လာ၍ တီးပေး၏။ မန္တလေး မြို့ပေါ်ရှိ နာမည်ကြီး အငြိမ့် မင်းသမီးများ၊ လူရွှင်တော်များကလည်း ကိုယ့်စရိတ်နှင့် ကိုယ်လာပြီး ကူကြ၏။ ကြည့်ရခဲသော အငြိမ့်ညွန့်ပေါင်းပွဲ ဖြစ်၍ ပရိသတ်ကလည်း ကြိတ်ကြိတ်တိုး နေ၏။ ပွဲကသည့်အခါ မျက်နှာကြီးငယ် မလိုက်စတမ်း ဆိုပြီး မင်းသမီးများကို မဲချ၍ ထွက်စေ၏။ နာမည်ကြီး မင်းသမီးများ စောစော မဲပေါက်သွားခဲ့သော် သူ့နောက်မှ ထွက်ရသည့် မင်းသမီးများခမျာ ကြည့်မည့်သူ မရှိတော့ပြီ။

ထို့ကြောင့် ပြည်သူချစ်သော လေဘာတီ မြရင် တယောက်ကိုကား နောက်ချန်ပြီး မဲလိပ် ချပေးရလေသည်။အခြားသော မင်းသမီးများမှာ မဲကျ၍ ထွက်ကရသော်လည်း စိန်ဗေဒါကြီးကို အရှိန်နှင့် လန့်နေတတ်ကြသည်။

မမြရင်ကတော့ တည်တည်ငြိမ်ငြိမ် ဣန္ဒြေရရနှင့် သူ့အလှည့်ကို ထိုင်စောင့် နေတတ်သည်။ ပြည့်သည့်အိုးမို့ ဘောင်ဘင် မခတ်တော့။ သူ့အလှည့်ရောက်သည်နှင့် “မြရင်လေး ကျွန်မ ခေါ်သံလိုလို၊ လေဘာတီကလေး … ကျွန်မ ခေါ်သံလိုလို” ဟူသော သီချင်းလေးနှင့် ပရိသတ်ကို ထ၍ နှုတ်ဆက်သည်။ စိန်ဗေဒါကြီးကိုလည်း ဦးချသည်။ ပရိသတ်များ မီးကို ရေနှင့် ဖြန်းလိုက်သလို ငြိမ်ကျသွား၏။

မမြရင် အသံက ပွဲကြည့်သူတိုင်း၏ နှလုံးသားကို စောင့်ကြည့်ရကျိုး နပ်သွားစေ၏။ စိန်ဗေဒါကြီးက အားရသော အပြုံးဖြင့် ဆိုင်းဝိုင်းထဲမှ ပတ်လုံးကလေးများကို အသံစမ်းပြလျက်။ နောက်ပိုင်းတွင် စိန်ဗေဒါကြီးသည် ဆိုင်းတီးရုံမျှနှင့် အားမရတော့။ သူကိုယ်တိုင် ဆိုတီး တီးပြီး မမြရင်ကို ကစေသည်။ သဘင်လောကမှ ထိပ်သီး နှစ်ယောက် မီးကုန် ယမ်းကုန် ကြဲကြသော ပွဲကောင်းတပွဲ ဆိုလျှင် မမှား။

မမြရင်ကလည်း စိန်ဗေဒါကြီး တီးချင်သလောက် တီးစမ်း – ကလိုက်စမ်း မဟဲ့ဆိုသော ဇွဲနှင့် ပညာကုန် ကသည်။ စိန်ဗေဒါကြီးကလည်း ရှိသမျှ ပညာစွမ်းတွေ အကုန်ထုတ်ပြီး တီးသည်။ လူရွှင်တော်တွေကလည်း မမြရင်ကို စလိုက်၊ စိန်ဗေဒါကြီးကို နောက်လိုက်၊ ပွဲကြည့်သူများကို ကလိလိုက်နှင့် အူမြူး နေကြတော့သည်။ ပွဲကြည့် ပရိသတ်များမှာ အသက်ရှူတို့ပင် မေ့နေသည့် အလား။ တုတ်တုတ်မျှ မလှုပ်ကြ။ ဒီလိုပွဲမျိုး ကြုံရခဲသည် မဟုတ်ပါလား။ စိန်ဗေဒါကြီးနှင့် မမြရင်မှာ ဤလို ပျော်စရာ ကောင်းသော မေ့မရနိုင်သည့် ပွဲမျိုး ကြုံခဲ့ရသလို၊ စိတ်ပျက်စရာ ကောင်းသော မေ့မရနိုင်သည့် ပွဲမျိုးကိုလည်း ရင်ဆိုင် ခဲ့ကြရသေးသည်။

တခါက ကြေးရတတ် တဦးက တံခွန်တိုင် အလှူပွဲသို့ လိုက်ပါ တီးပေးရန် စိန်ဗေဒါကြီးကို ငှားသည်။ လေဘာတီ မြရင်ကိုလည်း ခေါ်ခဲ့ပါ ဆို၍ စိန်ဗေဒါက မမြရင်ကိုပါ ခေါ်လာခဲ့သည်။ ညပွဲတီးပြီး၍ ပွဲသိမ်းသောအခါ အလှူရှင်က မနက်ဖြန် မနက်ပိုင်းမှာလည်း တီးပေး ဆိုပေး ကပေးပါဦး၊ တဝက်ကြေး ပေးပါမည်ဟု ဆိုသည်။ စိန်ဗေဒါက မမြရင်နှင့် လူရွှင်တော်များကို ဘယ်လိုသဘော ရသလဲဟု မေးသည်။ အားလုံးက ဆရာ့ သဘောပါဟု ပြန်ပြောကြသည်။

ဤတွင် စိန်ဗေဒါက၊ (အခုလို တဝက်ကြေးနဲ့ ခိုင်းတာကို တို့လက်ခံလိုက်ရင် နောက်တော့ တရားနာအပြီး ကပေးရင် ငါးကျပ်၊ နောက်တော့ ငါးမတ်၊ နောက်ခြောက်မူး ဆိုတာမျိုး ဖြစ်ကုန်လိမ့်မယ်၊ တို့ပညာရဲ့ တန်ဖိုးတော့ အချမခံနိုင်ဘူး၊ မနက်ဖြန် ပွဲမအားဘူးလို့ပဲ ပြောကြ) ဟုဆိုကာ မကဘဲ ပြန်လာခဲ့ကြလေသည်။

စိန်ဗေဒါကြီးနှင့် မမြရင်တို့မှာ တော်သလောက်၊ ကျော်သလောက် မိမိပညာကို ဤသို့ တန်ဖိုး ထားကြသူများ ဖြစ်သည်။ 

ဣန္ဒြေရှင်မင်းသမီးပြင်ဆင် – လေဘာတီ မြရင် ဆိုသော အမည်ကို တက္ကသိုလ် ကျောင်းသားများ ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က သူ့အသက်မှာ ၁၇ နှစ်မျှသာ ရှိသေးသည်။ အသက် ၁၅ နှစ် အရွယ်မှ ကွယ်လွန်သော အသက် ၄၂ နှစ် အထိ နှစ်ပေါင်း ၂၆ နှစ်တိုင်တိုင် ပွဲက၍ သွားခဲ့သည်။ အငြိမ့်သက်တမ်း ၂၆ နှစ် တလျှောက်လုံး ပရိသတ် ပါးစပ်ဖျားတွင် လေဘာတီမှ လေဘာတီ၊ မြရင်မှ မြရင် ဖြစ်ခဲ့၏။

မန္တလေးက နာမည်ကြီး ရွှေဆိုင်တန်း ကထိန်ဆိုလျှင် မမြရင် အငြိမ့်ကို နှစ်စဉ် ငှားပြီး ဧည့်ခံခဲ့သည်။ မမြရင်ကို မရမှာ စိုး၍ ဒီနှစ် ကထိန်ပွဲ ပြီးသည်နှင့် နောက်နှစ် အတွက်ပါ စရန် ကြိုပေးထားသည် အထိ လူကြိုက်များ ခဲ့၏။ အခြားသော ပွဲများကလည်း မမြရင် အငြိမ့် အားသည့်နေ့မှ စောင့်ဆိုင်း ကျင်းပခဲ့ကြသည်။ဤသို့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သည့်တိုင် မမြရင်က ကာလသားကြိုက်ကို အထူးမလုပ်။ ကြာမပေး။ မြူမဆွယ်။ မိန်းကလေး ပီပီ ဣန္ဒြေရရ လှလှပပလေး ကသည်။ လူရွှင်တော်များ ပြက်လုံးကြမ်းလျှင် သူက တားစမြဲ။ သူကိုယ်တိုင်လည်း အငြိမ့်စင်ပေါ်မှ နေ၍ စင်အောက် ပရိသတ်ထဲ လက်ညှိုးထိုးပြီး (ကျွန်မ ရည်းစား) ဟု ဘယ်တော့မှ မပြော။

သူ့မျက်နှာကို အငြိမ့်ကရာ လိုက်ကြည့်မှသာ မြင်ရသည်။ ကျန်သည့် အချိန်မှာတော့ မြင်ရမည် မဟုတ်။ ဗိုင်းကောင်း ကျောက်ဖိ အိမ်တွင်း ပုန်းနေတတ်သောကြောင့် ဖြစ်သည်။

သူ့ကို ကြိုက်သူတွေကား ဒုနှင့်ဒေး။ ကျောင်းသားလည်း ပါ၏။ သူဋ္ဌေးလည်း ပါ၏။ အရာရှိကြီးများလည်း ပါ၏။ ရန်ကုန်မြို့မှ မျက်နှာကြီး ဝတ်လုံတော်ရ တဦးသည် တနင်္ဂနွေနေ့တိုင်း မမြရင် အငြိမ့်ကို ငှားပြီး သူ့ခြံထဲမှာပင် ကပြစေ၏။ ရွှေဒင်္ဂါးများလည်း ဆုချ၏။ တခါတော့ မမြရင်ကို ရိုးရိုးကြည့်ရတာ အားမရ၊ ခြေအိတ်ချွတ်ပြီး ခြေသလုံးပေါ်အောင် ကပြပါ၊ ရွှေဒင်္ဂါး နှစ်ပြား ဆုချမည်ဟု သိမ်းသွင်းလာ၏။ ထိုပွဲတွင် မမြရင်က ခြေအိတ်ကို လုံးဝ မချွတ်ဘဲ ကမြဲအတိုင်းသာ ကပြ သွားခဲ့သည်။

တစ်ခါကလည်း ဘာသာခြား သူဌေး တယောက်က မမြရင်ကို ငှားပြီး သူ့တိုက်ထဲမှာပင် ကပြစေသည်။ ပွဲပြီးလျှင် မမြရင်ကို ပြန်မလွှတ်တော့ဘဲ အပိုင်သိမ်းရန် ကြံစည်လာသည်။ ထိုအကြံကို မမြရင် သိသည်နှင့် တိုက်ပြတင်းပေါက်မှ ခုန်ချပြီးထွက်ပြေးလာခဲ့သည်။ မိန်းမသားတို့၏ ဣန္ဒြေနှင့် သိက္ခာကို တပြားဖိုးမှ အပွန်းမခံသော မြန်မာမလေးဆိုလျှင် မှားမည် မဟုတ်ပေ။ အသက် ၂ဝ အရွယ်တွင် မမြရင် အိမ်ထောင် ကျခဲ့သည်။

အိမ်ထောင်ကျသည် ဆိုသော်လည်း လိုချင်သူတွေ ဝိုင်းဝိုင်းလည် နေသည်မို့ လူသိထင်ရှား မကြေညာရဲ။ သူ့ချစ်သူကလည်း မျက်နှာကြီး ပိုက်ဆံရှိ ဖြစ်၍ ထင်ထင်ပေါ်ပေါ် လူသိမခံရဲ။ သမီးရည်းစားမက၊ လင်မယား မကျသော ဘဝမျိုးနှင့် နှစ်ဦး သဘောတူ နားလည်မှု ရှိစွာနှင့် တသက်လုံး ပေါင်းသင်း နေထိုင် သွားခဲ့ကြသည်။ သစ္စာတရားကို မြတ်နိုးသော မမြရင်သည် ပွဲကသွားလေတိုင်း သူ့ချစ်သူကို ကန်တော့ပြီးမှ သွားသည်။သူ့ချစ်သူကလည်း မမြရင်ကို ငုံထားမတတ် မြတ်နိုးသည်။ မြတ်နိုးရုံ သာမကသေး။ သဝန် တိုတတ်လိုက်သည် ကလည်း လွန်ပါရော။ အတီးသမားတွေနှင့် ရောလျှင်လည်း မကြိုက်။ လူရွှင်တော်တွေနှင့် တရင်းတနှီး နေလျှင်လည်း မနှစ်သက်။

ထို့ကြောင့် နန်းတော်ရှေ့ ဆရာ တင်အား “ဘယ်ယောက်ျားမှ စကား မပြောနဲ့တဲ့ တနေ့က မှာတယ်၊ တွေ့ကြရာမယ်၊ ကသောအခါဝယ်၊ ရည်းစားတထောင် လင်ကောင်ရှင်မောင် သဝန်ကြောင် စိတ်နှလုံးဟာမို့၊ အိမ်တွင်းပုန်း ကုလားမကဲ့သို့ ကျွန်မတို့ မနေနိုင်ပေါင်ရှင်၊ ကမှဖြင့် ပွဲနောက်က အမြဲရောက်တဲ့ ကိုကိုရယ်၊ သူ့ဝတ်ခြံ ညှစ်ရမတဲ့ ဟိုညက ခိုင်းလာပါတယ်။ မရှက်ပေမဲ့ မချဉ်ပေါင်ဆရာ၊ သက်ဝေရဲ့ လင်မောင်တကာ၊ သဝန်ကြောင်တာ မြရင်အံ့တော့တာ” ဟူသော (ဦသဝန်ကြောင်) သီချင်းကိုလည်းကောင်း၊ ”အငြိမ့်မင်းသမီးများ ရည်းစားထားတော့တဲ့ လူဆိုတာမျိုးနော်၊ သဘောနည်းနည်း ကြီးအုံးမှပေါ့ သခင်ရေ၊ မီးရောင်အောက်ကို ဝင်ကာ လူပြက်တွေနဲ့ သောတော့၊ သူ့သဘောက အလွန်တရာ မကြည်မလင်” ဟူသော (အလှူ့ရှင်) သီချင်းကို လည်းကောင်း ရေးစပ်စေပြီး မမြရင်က သီဆို ကပြခဲ့ခြင်း ဖြစ်သည်

ဣန္ဒြေရှင် မင်းသမီးလေး လေဘာတီ မမြရင် အပေါ် စာရေး ဆရာမကြီး လူထု ဒေါ်အမာက အောက်ပါအတိုင်း သုံးသပ် ရေးသား ထားသည်မှာလည်း ယနေ့ အနုပညာရှင် မိန်းမသားတိုင်း မှတ်သား လိုက်နာဖွယ်ရာ ကောင်းလှသည်။ “လေဘာတီ မမြရင်က အကလည်း ကောင်းသည်၊ ရုပ်ကလည်း ချစ်စရာ ဖြစ်သည်။ ဤအရည်အချင်းမှာ မမြရင်က အငြိမ့်မင်းသမီး ဆိုပေမဲ့ မကလက်ခြင်း၊ ဣန္ဒြေရခြင်းပင် ဖြစ်သည်၊။ အသက် ၂ဝ ကစ၍ သေသည်အထိ အိမ်ထောင်နှင့် နေသွားသည်။ အငြိမ့်စင်ပေါ်၌ သူ့ကိုယ်သူ အပျိုကလေးပါဟု လူရောင်းရန် ဘယ်တော့မှ မကြော်ငြာ။ ရည်းစား ရှာခြင်းလည်း မပြု။ သို့ပါလျက် ပွဲကြည့်ပရိသတ်က သူ့ကို အပျိုကလေး ကဲ့သို့ပင် သဘောထားကြသည်။ အပျိုကလေးလိုပင် ချစ်သည်။ ဤသို့ဖြစ်အောင် ဘယ်မင်းသမီးမှ တတ်နိုင်မည် မထင်။ မမြရင်က အငြိမ့်သမ ဆိုသော်လည်း အနုပညာနှင့် ပုဂ္ဂိုလ်ရေးရာကို မရောထွေးဘဲ တကန့်စီ ထားတတ်သည်။ သူ့ကိုယ်သူ အဖိုးတန်အောင် အလွန် နေတတ် ထိုင်တတ်သည်။

 

”မမြရင်နှင့် တသက်လုံး တွဲလာခဲ့သော ပတ္တလား ဆရာကြီး ဦးဘစံကလည်း “မမြရင်လောက် နာမည်ကြီးတဲ့ မင်းသမီး၊ ပိုက်ဆံရတဲ့ မင်းသမီး၊ ဣန္ဒြေရှိတဲ့ မင်းသမီးမျိုး ဒီနေ့အထိ မတွေ့ဖူးသေးပါ” ဟု ပြောသွားခဲ့ဖူးသည်။ ဤမျှဆိုလျှင် လေဘာတီ မြရင်၏ ဣန္ဒြေသိက္ခာကို ခန့်မှန်း သိရှိနိုင်လောက်ပြီ ဖြစ်သည်။

ဤသို့ လူတိုင်းက ချစ်ခင် မြတ်နိုးသော ဣန္ဒြေရှင် မင်းသမီးလေး လေဘာတီ မြရင်သည် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာသော အခါ စစ်ပြေးရင်း စဥ့်ကိုင်မြို့နယ် ဧည့်ပြရွာ၌ (၂၉ – ၄ – ၁၉၄၅) နေ့တွင် ငှက်ဖျား ရောဂါဖြင့် ကွယ်လွန် သွားခဲ့ရှာပါသည်။ သူမကွယ်လွန်ချိန်တွင် အသက်က ၄၂ နှစ်မျှသာ ရှိသေးသည်။

𝕮𝖗𝖊𝖉𝖎𝖙 𝕿𝖔 𝕺𝖗𝖎𝖌𝖎𝖓𝖆𝖑 𝖀𝖕𝖑𝖔𝖆𝖉𝖊𝖗

Be the first to comment

Leave a Reply

Your email address will not be published.


*