ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် (သို့) ရနောင်မောင်မောင်တုတ်

ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် (သို့) ရနောင်မောင်မောင်တုတ်

သီပေါမင်းတရားခေတ်တွင် နန်းတွင်းရေးသည် အလွန် ရှုပ်ထွေးခဲ့သည်။ ထိုနန်းတွင်း အရှုပ်အထွေးများ အကြားတွင် အရှင်သီပေါမင်း၏ အချစ်ရေးသည်လည်းအတွင်းတော်၌ မီးထတောက်ရလောက်အောင် ကြီးကျယ်ခဲ့လေသည်။

ဤအချစ်ရေးတွင် အရေးပါ အရာရောက်ခဲ့သူ တယောက်ကား “ရနောင်မောင်မောင်တုတ်” ပင် ဖြစ်သည်။

ရနောင်မောင်မောင်တုတ်၏ ငယ်မည်သည် မောင်ညိုတုတ် ဖြစ်သည်။ မောင်ညိုတုတ်၏ ဖခင်မှာ ရေနံချောင်းမင်းကြီး ဦးပိန် ဖြစ်၍ မိခင်မှာ ရေနံချောင်း ဝန်ကြီးကတော် သခင်ကြီး ဖြစ်သည်။

မောင်ညိုတုတ် မိခင်သည် စုဘုရားလတ်၏ နို့ထိန်း ဖြစ်သည်။ မင်းတုန်းမင်းတရားကြီးသည် ပုဂံမင်းကို ပုန်ကန်၍ ရွှေဘိုသို့ ထွက်ခွာစဉ်အခါက မောင်ညိုတုတ်၏ ဖခင် ဦးပိန်သည် ကျေးကျွန်တော်ရင်း ဖြစ်သည့်အားလျော်စွာ နောက်တော်က ပါသည်ဟု ဆိုသည်။

လမ်းခရီးတွင် မောင်ညိုတုတ်၏ ဖခင် ဦးပိန်မှာ ကျဆုံးခဲ့သည်။ မင်းတုန်းမင်းတရား အမရပူရသို့ပြန်၍ ရွှေနန်းတော် သိမ်းတော်မူချိန်တွင် တိုင်းတာမင်းကြီး ဦးဖိုး၏ မ စ ပေးချက်အရ မောင်မောင်တုတ်သည် လက်သုံးတော်ကိုင်ကလေး ရာထူးတွင် ခစားရသည်ဟု ဆိုသည်။

မောင်ညိုတုတ်အောက်တွင် ညီမောင်ပြောင်းနှင့် ညီမ ယင်းမာချောင်း ခင်ခင်လေးတို့ ရှိသည်။ ယင်းမာချောင်း ခင်ခင်လေးသည် မောင်တုတ်၏ ဖခင် ဦးပိန်၏ ဒုတိယမယားမှ မွေးသော သမီး ဖြစ်သောကြောင့် မောင်မောင်တုတ်နှင့် ဖအေတူ မအေကွဲ မောင်နှမ တော်သည်။ ညီမောင်မောင်ပြောင်းသည် လှေသင်းအတွင်းဝန်၊ နတ်မောက်မြို့စား၏ ညီမဖြစ်သူ ပင်းသာခင်ဖူးနှင့် လက်ထပ်ခဲ့သည်။

မောင်မောင်တုတ်၏ အရည်အသွေးနှင့် ဖျတ်လတ်မှု၊ ရဲစွမ်းသတ္တိရှိခြင်းတို့ကို ကင်းဝန်မင်း၊ ယောမင်းကြီးနှင့် တိုင်းတားမင်းတို့က သဘောကျသည်။

မောင်မောင်တုတ်သည် အလုံးအရပ်လည်း ကောင်းသည်။ အသားညိုသည်။ ကျောက်ပေါက်မာ သက်သက် ရှိသည်။ ကျင်စွယ်လည်းရေးရေး ထားသည်။

မောင်မောင်တုတ်ကို အဝေးမှဖြစ်စေ၊ အနီးမှဖြစ်စေ မြင်ရလျှင် မောင်မောင်တုတ်၏ ကျက်သရေရှိသော အင်္ဂါရုပ်ကို လူတိုင်း နှစ်ခြိုက်မည်ပင်ဖြစ်သည်။

မောင်မောင်တုတ်၏ မျက်နှာပေါက်မှာ ခန့်ညားထည်ဝါသော သဘော ရှိသည်။ စူးရှသောမျက်လုံးရှိ၍ အသံသြဇာတို့နှင့် ပြည့်စုံသည်။ စင်စစ် လူချောလူလှဖြစ်၍ မိန်းမများကိုယ်တိုင်က မောင်မောင်တုတ်ကို ကြိုက်ကြသည်ဟု သိရသည်။

မောင်မောင်တုတ်ကလည်း သူကိုယ်တိုင်က မယားများသည်။ လင်ရှိမယားပင် မရှောင်ဟု ဆိုကြသော်လည်း လင်ကြီးကျေနပ်အောင်ပြုပြီးမှသာ မောင်မောင်တုတ်၏ လက်ဝယ် ရောက်ကြပါသည်ဟု အချို့ မီလိုက်သူများက ပြောကြသည်။

ဥပမာဆိုသော် တောင်တွင်းကြီးသူ သဘင်သည် မမလေးကို သူ၏လင်ကြီးကို ရွှေငါးပိဿာနှင့် မယား၂ယောက် အပြင် မြို့သူကြီးရာထူးပါ ပေးသဖြင့် လင်ကြီးက ကျေကျေနပ်နပ် ထည့်ပေးလိုက်ပါကြောင်း၊ ဆင်ခိုးမလေး ကိုယ်တိုင်ကလည်း မောင်မောင်တုတ်ကို သူချစ်ကြောင်း၊ သူ့လင်ကြီးမှာ မယားနှစ်ယောက်နှင့် သူ့ကို မေ့နေသည်မှာ အမှန်ဖြစ်ကြောင်း တို့ကို ဖွင့်ပြောကြောင်း ကြားသိရသည်။

မောင်မောင်တုတ်ကို တွေ့မြင် သိရှိဖူးသူများကမူ မောင်မောင်တုတ်သည် အလွန် ကျက်သရေရှိကြောင်း၊ သူကမပိုးရဘဲ မိန်းမများကသာ သူ့ကိုပိုးကြောင်း၊ သူ့ကို အပျိုအအိုများက ငမ်းငမ်းတက် လိုချင်ကြကြောင်း သိရှိရသည်။

သီပေါမင်း နန်းတက်လာသောအခါတွင် အရည်အသွေးကို ကြည့်၍ သီပေါမင်းတရား များစွာ နှစ်သက်သောကြောင့် ရနောင်မြို့ကို အပိုင်စားစေ၍ လက်သုံးတော်ကြီးကိုင် မြောက်ထားဝယ်ဗိုလ်၊ ဝဲလှည့်ခေါင်း ခန့်တော်မူသည်။

သီပေါမင်း နန်းတက်၍ မင်းမှူးမတ်များအား ဘွဲ့မည်ရည် ပေးသောအခါ ရနောင်မောင်မောင်တုတ်အား “မဟာမင်းလှ မင်းထင်စည်သူ” ရွှေဘွဲ့ ချီးမြှင့်တော်မူသည်။

ရနောင်မောင်မောင်တုတ်သည် ရွှေနန်းတော်တွင်း၌ အချိန်မရွေး ကျောက်စီရွှေဓားကို လွယ်၍ ခစားရသည်။ ရွှေနန်းတွင်း အတွင်းတော်၌ လက်သုံးတော်ကြီး လက်သုံးတော်ကလေးများသာလျှင် ရွှေဓားကိုင်၍ ခစားနိုင်သည်။

ရနောင်မောင်မောင်တုတ်၏ လက်အောက်တွင် လက်သုံးတော်ကြီးကိုင် (၁၂) ယောက် ရှိသေးသည်။ ၎င်းတို့သည် မြောက်ထားဝယ်ဆောင်တွင် နေထိုင်၍ စောင့်ကြပ်ရသည်။ ထားဝယ်ဆောင် ဆိုသည်မှာ မှန်နန်းဆောင်နှင့် ကပ်လျက် ရှိသော အဆောင်ကို ဆိုလိုသည်။

ရနောင်မောင်မောင်တုတ်သည် အနားရွှေကြယ်ပွင့်ထိုး ကတ္တီပါစိမ်း ဒူးအထိအရှည်ကို ဝတ်သည်။ ဘောင်းဘီအနားကွပ် အောက်ခံနှင့် အပေါ်က လွန်းပုဆိုးကို အောက်ပိုးကျိုက်ထားသည်။ ရွှေကျင်ခတ်ပဝါကိုလည်း ပေါင်းထားသည်။

သူ့အဝတ်အစားနှင့် သူ့ရုပ်ရည်မှာ မင်းသားရုပ် ပေါက်နေသည်။ မောင်မောင်တုတ်၏ လက်အောက်တွင် မြောက်ထားဝယ် အမှုထမ်းသား (၆၈၅)ယောက် ရှိသည်။ အမှုထမ်းသားများ၏ ယာလက်ဖမိုးတွင် ခြင်္သေ့ရုပ် ဆေးနီဖြင့် ထိုးမှတ်ထားသည်။

မောင်မောင်တုတ်သည် တိုင်းတာမင်းကြီး၊ ကင်းဝန်မင်းကြီးတို့က အရေးပေးခြင်း ခံရသည်သာမက ဆင်ဖြူမရှင် မိဘုရားကြီးကိုယ်တိုင်က အရေးပေးခြင်း ခံရသဖြင့် မောင်မောင်တုတ်သည် သြဇာကြီးသည်။

အတွင်းရေး ကိစ္စများကို တိုင်ပင်သည့်အခါများ၌ပင် မောင်မောင်တုတ် မပါမပြီးသလောက် အရေးပေးခြင်း ခံရသည်။

မင်းတုန်းမင်းတရား နာမကျန်း ရှိတော်မူစဉ်အခါ မည်သူ့အား နန်းလျာထားမည်ဟု မှူးကြီးမတ်များနှင့် ဆင်ဖြူမရှင်တို့ လျှို့ဝှက်စွာ တိုင်ပင်ကြစဉ်အခါကလည်း မောင်မောင်တုတ်သည် မိဘုရားတို့နှင့် အတူပါသည်။

ထို့နောက် သီပေါမင်းသားကို နန်းလျာအဖြစ် ရွေးကြပြီးသည့်နောက်တွင် ကြေးတိုက်အတွင်း အကျဉ်းချထားသော မင်းသားများအနက် သီပေါမင်းသားကို မောင်မောင်တုတ်သည် ပုခုံးပေါ်တွင် ထမ်း၍ ထုတ်ယူလာသည်။

မင်းသားသည် ပဉ္စင်းဘဝမှ လူ့ဘောင် ထွက်လာသည်မှာ ရက်မျှပင် မလည်သေးပေ။ ဘုမသိ ဘမသိနှင့် အဖမ်းခံလိုက်ရသည်တွင် ယခုအခါ မောင်မောင်တုတ်က ပခုံးပေါ်တင်၍ ထုတ်လာသည်ကို ကြေးတိုက် အပြင်ဘက်ရောက်မှ မေးမိသည်။

မောင်မောင်တုတ်က “အရှင် မင်းသား ဘုရင် ဖြစ်တော့မည် အမှန်ပါပင်၊ ဘုရင် ဖြစ်လာသည့်အခါ အရှင့်ကို အသက်ပေး၍ အမှုတော်ကို ထမ်းပါမည်။ အမှုတော် ထမ်းရာ၌ အမှားရှိချင်သော်လည်း ရှိပေမည်။

သို့သော် အရှင့်သား လက်နက်ဖြင့် ဒီတသက်တွင် အသက် မသေစေရ ဟူသော ကတိကို ပေးတော်မူပါဘုရား” ဟူ၍ လျှောက်ထားသည်။

ရနောင်မောင်မောင်တုတ်အား သီပေါမင်းသားက “မောင်တုတ် တသက်မှာ ငါ့လက်နှင့် မသေစေရ” ဟူ၍ ကတိ ထားတော်မူဖူးသည်။ ပေါ့ပေါ့ဆဆထားသော ကတိ မဟုတ်ပါပေ။ မောင်တုတ်အပေါ် ဘုရင်ကလည်း ကတိထားသည်နှင့် အမျှလည်း မောင်တုတ်က သီပေါဘုရင်ကလေးကို အသက်ပေး၍ ချစ်သည်။ သစ္စာရှိသည်။ သီပေါဘုရင်၏ ရိုးသားစိတ်ကိုလည်း ကြည်ညိုမိသည်။

မောင်မောင်တုတ်သည် ဘုရင့်အတွက်ဆိုက အကယ်ပင် အသက်ပေးဝံ့သူလည်း ဖြစ်သည်။ သီပေါမင်းတရားသည် ထို့ကြောင့်ပင်လျှင် မောင်မောင်တုတ်အား ရနောင်မြို့ကို စားစေလျက် မင်းသား၏ အဆင့်အတန်းတွင် ထား၍ မင်းသား၏ အဆောင်ယောင်များနှင့်တကွ မြှောက်စားတော်မူသည်။

ရနောင်မောင်မောင်တုတ်ကို တနည်းအားဖြင့် ရနောင်မင်းသားဟု ခေါ်ရသည်။ အရှေ့တက်ပွဲတက် အခမ်းအနားတွင်လည်း မောင်မောင်တုတ်သည် မင်းသားများ၏ နေရာတွင် နေရသည်။ မင်း၏ သားတော်၊ ညီတော်ပင် စင်စစ် မဟုတ်သော်လည်း ဘုရင်မင်းမြတ် ချီးမြှင့်သူကောင်းပြုခြင်း ခံရသူဖြစ်၍ မင်းသားဟု ခေါ်ရသည်။

သီပေါမင်းတရား နန်းတက်ပြီးသည့်နောက်တွင် ရနောင်မောင်မောင်တုတ်သည် များစွာ တန်ခိုးကြီးလာသည်။ နန်းတွင်းနန်းပြင်တွင် မောင်မောင်တုတ်၏သြဇာ ညောင်းကြသည်။

ထိုသို့ အရေးပေးခြင်း ခံရသည့်အထဲတွင် မိဖုရားခေါင်ကြီး စုဖုရားလတ်နှင့်တကွ ဆင်ဖြူမရှင် မိဖုရားကြီးတို့ကပါ မောင်တုတ် မပါလျှင် မပြီးသလောက် အမှုကိစ္စတိုင်းတွင် မောင်တုတ်ကို တိုင်ပင်လေ့ ရှိသဖြင့် တိုင်းပြည်ရှိ ဥပဒေများကိုပင် မောင်တုတ်က လက်တလုံးခြား ကွေ့ရှောင်၍ မိမိထင်သလို ပြုတတ်လေသည်။

ဘုရင်မင်းမြတ် ပေးသနားတော်မူထားသော ဝင်းခြံကြီးအတွင်း အဆောင်အခန်းပေါင်း များစွာရှိသော အိမ်ကြီးတလုံးတွင် မောင်မောင်တုတ်သည် မယားပေါင်းမြောက်များစွာနှင့် ကြီးစွာသော စည်းစိမ်ကို ခံစားနေလေသည်။ မယားများ တိုးတက်များပြားလာတိုင်း အိမ်ကြီးကို ချဲ့ထွင်၍ ဘေးပတ်ပတ်လည်တွင် အဆောင်ခန်းများက ထပ်မံ တိုးချဲ့ဆောက်လုပ်ရသဖြင့် မောင်တုတ်၏ အိမ်ကြီးမှာ အိမ်နှင့်ပင် မတူတော့ဘဲ အဝန်းအဝိုင်းကြီး ဖြစ်၍ မည်သည့်အဆောက်အဦကြီး ဖြစ်သည်ကိုပင် ရုတ်တရက် မပြောနိုင်အောင် ရှိတော့သည်။

မောင်တုတ်သည် သီပေါမင်းကလေးအား အလွန်ချစ်ခင်၍ အသက်ပေးကာ အမှုတော်ကို ထမ်းဆောင်ပါမည်ဆိုသည့်အတိုင်းလည်း သီပေါမင်း အလိုရှိပါက ဘာမဆို မရ ရအောင် ဆောင်ရွက်ပေးမည်ဟု ဆုံးဖြတ်ထားသူ ဖြစ်သည်။ ထို့ထက် သီပေါမင်းကိုမှီ၍ မိမိဘုန်းတန်ခိုး တက်အောင်လည်း ကြံဆောင်လိုသည်။ သို့သော် သီပေါမင်း၏ ထီးနန်းကိုကား မမျှော်မှန်းခဲ့ချေ။

သီပေါမင်းကလေး၏ ရိုးသားသောအမူအကျင့် စိတ်နေသဘောထားကို မောင်တုတ်သည် များစွာ နှစ်ခြိုက်သည်။ မိဘုရား အခြံအရံတို့၏ အလယ်တွင် ဘုရင်မင်းမြတ်တို့၏ ခံစားအပ်သော စည်းစိမ်ဖြင့် မခံစားရဘဲ တစ်ဦးတည်း ပျင်းရိစွာ တစ်လင်တစ်မယား စနစ်ဖြင့် ငြီးငွေ့ဖွယ်ရာ ခံစားနေသော သီပေါမင်းသားကို သူ ကိုယ်ချင်းစာမိသည်။

ထို့ကြောင့်လည်း ဒိုင်းအတွင်းဝန်၏ သမီး ခင်ခင်လေးခေါ် ဒိုင်းခင်ခင်နှင့် နီးစပ်အောင် မောင်တုတ်နှင့် သူငယ်ချင်း မောင်ဖေငယ်တို့က ကြံဆောင်ပေးသည်။

ဒိုင်းခင်ခင်သည် ဒိုင်းအတွင်းဝန် ဦးဘိုးကြီးနှင့် ဒိုင်းအတွင်းဝန်ကတော် တို့၏ သမီး အရင်း မဟုတ်ပေ။ ဒိုင်းဝန်ကတော်၏ မောင်မှ ဖွားမြင်သည့် သမီးရင်း ဖြစ်သောကြောင့် တူမတော် ဖြစ်သည်။

အစောင့်အရှောက်များစွာ ခြံရံထားသောကြားထဲကပင် မောင်မောင်တုတ်သည် သီပေါမင်းကလေး၏ စိတ်ကို ဖျောင်းဖျဖို့ ကြံကြသည်။

ထိုအခါ မိဖုရားကြီးမှာ ထိပ်စုမြတ်ဖုရားကြီးကို မီးရှူး သန့်စင်တော်မူနေခိုက် ဖြစ်သည်။

ဤအချက်သည် အပျက်အပျက်နှင့် နှာခေါင်းသွေးထွက် ဆိုသလိုပင် မောင်တုတ်၏ ဘဝကံကြမ္မာကို ဖန်တီးလာသော အချက် ပင် ဖြစ်သည်။

မြို့ဝန် ရွှေလှံဗိုလ်ကလေး ဦးချုံ (ခြုံ) (ဒဂုန်ခင်ခင်လေး၏ စာဆိုတော်ဝထ္ထု၌ ဦးချစ်ဟု ဆိုသည်) နှင့် မောင်မောင်တုတ်သည် မသင့်မသင့် ဖြစ်နေသည်မှာ ကြာလေပြီ။

ရွှေလှံဗိုလ်မင်း ဦးချုံသည်လည်း မောင်တုတ်ကဲ့သို့ပင် မယားများသူ ဖြစ်ပြီး သူ့မယား၊ ကိုယ့်မယား စည်းမစောင့်ကြဟု သိမီကြသူများက မှတ်ချက်ချကြသည်။

အကြံတူ ရန်သူ ဟူသကဲ့သို့ပင် ဤအရေး၌ မောင်မောင်တုတ်နှင့် ရွှေလှံဗိုလ်တို့သည် တစ်ယောက်ကိုတစ်ယောက် မနာလိုဝန်တို ဖြစ်သည်သာမက တစ်ခါတရံ မယားနှင့်ပတ်သက်၍ လုဖော်လုဖက်လည်း ဖြစ်သည်ဟု ဆိုကြသည်။

သူတို့၏ သူရသတ္တိချင်းမှာလည်း သူမသာ ငါမသာပင် ဖြစ်သည်။ သို့သော် ဘုရင်မစ၍ တစ်နန်းတော်လုံးက အရေးပေးခြင်း ခံရသူမှာ မောင်တုတ်သာ ဖြစ်သည့်အတွက် ရွှေလှံဗိုလ်က အလျှော့ပေးလိုက်ရသည့် ကိစ္စများလည်း ရှိသည်။

ဤအချက်များကြောင့်လည်း ရွှေလှံဗိုလ်သည် မောင်တုတ်၏အပေါ်တွင် များစွာ အခဲမကျေ ဖြစ်ခဲ့လေသည်။ ရွှေလှံဗိုလ် မျက်စိကျနေသော ခင်ဦးကိစ္စတွင်လည်း ရွှေလှံဗိုလ်သည် မိမိထက် သြဇာကြီးနေသော မောင်တုတ်၏ ထိပါး စော်ကားခြင်းကို ခံလိုက်ရသဖြင့် များစွာအခဲမကျေ ဖြစ်ခဲ့သည်။

များမကြာမီ ထောင်ထမှုတခု ဖြစ်ပွားသည်။ ရန်လင်း၊ ရန်ကင်း၊ ဓားပြညီနောင် တို့ကို ထောင်သွင်း အကျဉ်းချထားရာတွင် တစ်နေ့သော နေဝင်ဖြိုးဖျ အချိန်တွင် အမှတ်မထင်ထောင်ထ၍ ဆူညံစွာ သေနတ်မီးပေါက်များ ပစ်ခတ်ပြီး ရန်လင်း ရန်ကင်းတို့ ထောင်မှ လွတ်ထွက်သွားကြသည်။ (ထောင်ထ၍ ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာတွင် ၉၉ – ဦး သေသည်။ ထောင်တဝိုက် သွေးချင်းချင်း နီသည်ဟု ဆိုသည်။)

ရွှေလှံဗိုလ်သည် ဤအရေးကိစ္စများတွင် များစွာ ကြိုးပမ်း၍ ဓားပြများကို ပြန်လည်ရမိအောင် ကြိုးစားသော်လည်း မရလိုက်ပေ။

ထို့ကြောင့် တစ်နေ့သောအခါတွင် ရနောင်မောင်မောင်တုတ်က ရွှေလှံဗိုလ်ထံ စာရေး၍ ခေါ်သည်ဟု ဆိုသည်။ ရန်လင်း ရန်ကင်းတို့ကို သူဖမ်းဆီးမိထားပြီဖြစ်၍ မြို့ဝန်မင်းအိမ်သို့ ကြွခဲ့ပါ၊ တိုင်ပင်လိုပါသည်ဟု ခေါ်သည်။ ရွှေလှံဗိုလ်သည် အတော်အတန် စဉ်းစားပြီးမှ သွားရန် ဆုံးဖြတ်လိုက်သည်။

အကယ်၍ မသွားလျှင်လည်း ကြောက်ရွံ့ရာ ကျမည်။ သွားပြန်ကလည်း တနည်းနည်းဖြင့် မောင်မောင်တုတ်က ရန်စမည်ကို သူသိသည်။ သို့သော် ယောက်ျားကောင်း၏ သတ္တိကို ပြလို၍ မောင်တုတ်၏ ဖိတ်ကြားချက်ကို လက်ခံလိုက်သည်။

မောင်တုတ်၏အိမ်သို့ ရောက်သောအခါ မောင်တုတ်၏ ရဲဘော်ရဲဘက်များသည် လက်ပြန်ကြိုး တုတ်ထားသော ဓားပြ ဗိုလ်ရန်လင်းကို ဧည့်ခန်းဆောင်သို့ ထုတ်ယူလာသည်။ ရွှေလှံမြို့ဝန်သည် များစွာ အံအားသင့်နေခိုက် ရာဇဝတ်ကောင်ကို ကြမ်းပြင်သို့ပက်လက်ထား၍ ချုပ်ကိုင်စေပြီး ဝမ်းဗိုက်ကိုခွဲကာ အူကို ထုတ်သည်။ ထို့နောက် “ရေဆေးမနေနဲ့ ပြုတ်ပြီး ယူခဲ့” ဟု အဆောင်ကိုင်ကို မှာလိုက်သည်။

ထိုအတောအတွင်း အခြားစကား တစ်လုံးစ နှစ်လုံးစကို ပြောရင်း လူအူသုပ်သည် မည်သည့် အရသာနှင့်မျှ မတူကြောင်း ထို့ကြောင့် ယနေ့ည ရွှေလှံမြို့ဝန်မင်းအား လူအူသုပ်ဖြင့် ဧည့်ခံလို၍ ရာဇဝတ်ကောင်ကို ညနေကပင် ရှာထားရကြောင်း ပြောပြကာ သူကိုယ်တိုင် စားပြသည်။ ရွှေလှံမြို့ဝန်အားလည်း စားစေသည်။ ရွှေလှံမြို့ဝန်ကား မစားပေ။ အတန်ကြာ၍ စကားစမြည် ပြောပြီးမှ ရွှေလှံမြို့ဝန်သည် မောင်တုတ်အိမ်မှ ဆင်းသွားသည်။

ဤကား မောင်တုတ်သည် ရွှေလှံမြို့ဝန်ကို ဦးကျိုးအောင် ချိုးသည့် ပရိယာယ်တစ်မျိုး ဟူ၍ပင် ဆိုရပေမည်။ လူအူ အစစ် ဟုတ်မဟုတ်ကိုကား အမှန် မပြောနိုင်ပေ။ သို့သော် မိမိ၏ ရန်သူတစ်ယောက် ဖြစ်ပြီး မိမိအား အင်အားပြိုင်လိုသော လူတစ်ယောက်အား လှလှကြီး ဦးချိုးလိုက်သောကြောင့် ဤသို့ ပြုလေသလော မသိရပေ။

ယင်းကိစ္စနှင့် ပတ်သက်၍လည်း ရွှေလှံမြို့ဝန်သည် မောင်တုတ်အပေါ်တွင် များစွာမှပင် မကျေနပ်လှချေ။ ဤသို့ အိမ်သို့ခေါ်၍ စော်ကားလိုက်ခြင်း၊ မိမိသိမ်းပိုက်မည့် မယားကို အတင်းလုယူခြင်း စသော မောင်တုတ်၏ အပြုအမူများကို မိမိထက် တန်ခိုးကြီးနေသူ ဖြစ်၍သာ ခံလိုက်ရပေသည်။

စိတ်ထဲ၌ကား အခဲမကျေလှဘဲ တစ်နေ့ အလှည့်ကြုံလျှင် ငါ့အကြောင်း သိစေရမည် ဟူ၍သာ ကြုံးဝါးနေရလေတော့သည်။

ရနောင်မောင်မောင်တုတ်နှင့် အတူ နန်းတော်က မြှောက်စားခြင်းခံရသူမှာ ရွှေတိုက်စိုး၊ စီးတော်မြင်းဝန်၊ တောင်သမန်လယ်စား မောင်ဖေငယ်ဖြစ်သည်။ မောင်ဖေငယ်နှင့် မောင်တုတ်တို့မှာ ရောင်းရင်းဘက်ဖြစ်သည့်အတိုင်း တဦးနှင့်တဦး များစွာ ရင်းနှီး ချစ်ခင်ကြသည်။ တိုင်ပင်ဖော် တိုင်ပင်ဖက်လည်း ဖြစ်သည်။ တောင်သမန်လယ်စားသည် ကဗျာအဖွဲ့အနွဲ့၌လည်း ကျွမ်းကျင်သဖြင့် သီပေါဘုရင်ကလေး၏ စာဆိုတော်လည်းဖြစ်သည်။

ရနောင်မောင်မောင်တုတ် တန်ခိုးကြီးထွားလာချိန်တွင် မောင်ဖေငယ်သည်လည်း မောင်မောင်တုတ်ကို မှီခိုရတော့မလို ဖြစ်လာသည်။

ရနောင်၏ နောက်လိုက်များနှင့် ရနောင်ကို အားကိုးလိုသူများ၊ ရနောင်နှင့်ကျေးဇူး မကင်းသူများသည် ရနောင်ကို ပိုမိုအထင်ကြီးအောင် မြှောက်ပေးကြသည်။ ရနောင်မောင်မောင်တုတ်သည် သီပေါဘုရင်ထက် (၁၀)နှစ်ခန့်ကြီးသည်။

ထို့ကြောင့် ဘုရင်မင်းကလေးကလည်း အစစ အရာရာတွင် ရနောင်မပါလျှင် မပြီးသကဲ့သို့ အတွင်းရေးများကိုပါ တိုင်ပင်လေ့ရှိသဖြင့် တောင်ငူခေတ်က တပင်ရွှေထီး၏ အထိန်းတော်သား ဘုရင်နောင်နှင့် တူသည်ဟု ပြောကြသည်။ ဤကဲ့သို့ပင် ဘုရင်နောင်၏ အချိုးကို မောင်တုတ်က ချိုးနေသည်ဟု စွပ်စွဲသူများကလည်း စွပ်စွဲနေကြသည်။

တပင်ရွှေထီးအစ်မ ခင်ခင်ကြီးနှင့် ဘုရင့်နောင်တို့ လက်ဆက်ပြီးနောက် တပင်ရွှေထီး၏ ထီးနန်းကိုပင် ဘုရင့်နောင်က ဆက်ခံခဲ့သည့် အတိုင်း ယခုလည်း ရနောင်မောင်မောင်တုတ်သည် ဘုရင့်နောင် လုပ်ချင်သည်ဟု ဆိုကြသည်။ သီပေါဘုရင်ကလေးတွင် အစ်မတော် ပခန်းကြီး စုဘုရားနှင့် နှမတော် မိတ္ထီလာစုဘုရားတို့ ရှိနေသည်။ ဘုရင်ကလေးသည် မောင်တုတ်နှင့် တိုင်ပင်ရာ၌ သင့်သည်မသင့်သည် အရေး မဟုတ်။ မောင်တုတ်၏ ဆုံးဖြတ်ရာကိုသာ လုပ်လေ့ရှိသည်ဟုလည်း ဆိုကြသည်။

ထိုအခါ မောင်တုတ်သည် တောင်ငူခေတ်၏ တပင်ရွှေထီး ရာဇဝင်ကို စုဆောင်းလေ့လာသည်။ မောင်တုတ်၏ အိမ်တွင်ပွဲ လမ်းသဘင်များ ခံရာ၌ တောင်ငူရာဇဝင် တပင်ရွှေထီးနှင့် ဘုရင့်နော်တို့၏ ဇာတ်လမ်းကိုပင် ကပြစေခဲ့သည်။ မောင်တုတ်ကို အားပေးအားမြှောက်ပြုနေသော တောင်သမန်လယ်စား မောင်ဖေငယ်ကလည်း အောက်ပါဘုရင့်နောင်၏ တေးထပ်ကို ရေးစပ်၍ မောင်တုတ်၏ ဘဝကို မြင်စေသည်။

“ခပေါင်းရေစမ်းငဲ့ရယ်နှင့်၊ သန်းရွှေထုသခင်၊ နန်းကေတု ပလ္လင်ဝယ်၊ တဘုရင်ရွှေထီး။ ပင်တိုင်နတ်လှမနော်၊ အမတော်နန်းလုံဆီမီး၊ ရဲထွဋ်ဟု၍ တကိန်းပေါ်၊ တစိမ်းနော်မနီး၊ အထိန်းတော်ကြီးနှင့်၊ ဇနီးမြတ် လွန်သော်၊ ဖွားဘက်တော်လူကလေးရယ်သို့၊ ကောက်ယူမွေးနန်းထက်မှာပျော်။ လူရည်ဝ စန်းလဂ်ပေါ်လျှင်၊ ကွမ်းဆက်တော်ဝင်ပြီးမှ တပင်ရွှေထီးအမပျို၊ ရလိုကြောခို၊ ဆင်ဖြူရှင်ဆံထုံးဆိုလျှင်၊ ကံဘုန်းကိုသိဖူးဖျော့လေး။”

ညစဉ်ညတိုင်း ရနောင်မောင်မောင်တုတ်၏အိမ်မှ တခြိမ့်ခြိမ့်ခံနေသော အငြိမ့်ပွဲသံများကို ဆူညံစွာ ကြားရသည်။ တောင်တွင်းကြီးမှ ဆင်း၍ တင်ခိုးလာခဲ့သော အငြိမ့်မင်းသမီး၊ ရနောင်၏ မယားတစ်ယောက်ဖြစ်သူ ဆင်ခိုးမလေးကလည်း ဤတေးထပ်ဖြင့် ရနောင်အား အဆိုတော် ဆက်ရသည်မှာ အကြိမ်ပေါင်း များလှချေပြီ။

ရနောင်နှင့် မောင်ဖေငယ်တို့သည် ဘုရင်မင်းလေးထံသို့လည်း အမြဲခစားဝင်၍ ဘုရင်ကလေး၏ အကြိုက်ကို အမြဲဆောင်ကျဉ်းပေးခြင်းဖြင့် မျက်နှာရအောင် ပြုသည်။ ဒိုင်းခင်ခင်နှင့် ဘုရင်ကလေးတို့ တွေ့ဆုံနိုင်ဖို့အရေးကိုလည်း အထောက်တော် အထပ်ထပ်၊ အစောင့်အရှောက် အယှက်ယှက်တို့၏ကြားမှ စွန့်စား၍ ပို့ဆောင်ပေးသည်။

သီပေါဘုရင်ကလေး၏ စိတ်ထဲတွင် လောကစည်းစိမ် ဟူသမျှကို အမျိုးသမီးချောကလေးများ၏ အကြောင်းကို အခွင့်ရပါက စီကာပတ်ကုံး တင်လျှောက်ကြသည်။ နန်းတော်၌ “ပန်းကြာဝတ်မှုံ” ပြဇာတ်ကိုပင် တင်ဆက်စေသည်။

သို့ဖြင့် မီးရှုးသန့်စင်တော်မူကပြီး၍ မိဘုရားခေါင်ကြီး ကျန်းမာတော်မူလာပြီးနောက် ညအခါ တောင်ဥယျာဉ်အတွင်း၌ ဒိုင်းခင်ခင်နှင့် သီပေါဘုရင်တို့ ပွေ့ဖက်နေကြသည်ကို ကိုယ်တိုင် ပက်ပင်း တွေ့ရလေသည်။

မိဘုရားကြီးသည် ရနောင်မောင်မောင်တုတ်အား ကိုယ်တိုင် အခဲမကြေ ဖြစ်လာသည်။ ဤလက်ချက်သည် ရနောင်မောင်မောင်တုတ်၏ လက်ချက် ဖြစ်သည်ကိုလည်း သိနေသည်။

ထို့ကြောင့် ရနောင်မောင်မောင်တုတ်၏ အကြောင်းကို အမြဲ စုံစမ်းစေသည်။ မကြာမီနန်းတော်တံခါး လေးပြင်လေးရပ် တို့၌လည်း တိုင်းသူပြည်သားများအဖို့ မင်းတရား စည်းတားသကဲ့သို့ တိုင်းပြည်ဆိုးသွမ်း ဟော့ရမ်း အကျင့်တန်သော မင်းမှူးမတ်တို့အကြောင်း လျှို့ဝှက်စာများ ပေးလိုပါက ပေးနိုင်ရအောင် ရွှေသေတ္တာကြီးများကိုချထားသည်။

ထိုသေတ္တာအတွင်းမှ ရနောင်မောင်မောင်တုတ်သည် တိုင်းပြည်၌ ဟော့ရမ်းဆိုးသွမ်းနေရုံမက ထီးနန်းကိုပင် လုယူရန် ကြံရွယ်နေကြောင်း လျှို့ဝှက်စာများ ရလာသည်ဟုဆိုသည်။ ထိုစာများအရ မိဘုရားခေါင်ကြီးနှင့် တိုင်းတာမင်းကြီး၊ ရွှေလှံဗိုလ်တို့ပူးပေါင်၍ ရနောင်မောင်မောင်တုတ်ကို ဖမ်းဆီး၍ ထောင်သွင်း အကျဉ်းချထားလိုက်သည်။

ရနောင်မောင်မောင်တုတ်နှင့်အတူ တစ်ပြိုင်နက်အဖြစ် အဖမ်းခံရသူများမှာ လက်သုံတော်ငယ် ကိုမောင်မောင်လတ်၊ ငွေခွန်မှူးမောင်မောင်၊ ဘုန်းတော်တိုး ဗိုလ်ပေါ်ညွန့်၊ နတ်ရှင့်ရဲတင်းဗိုလ်မှန်၊ နတ်ရှင်ဗိုလ်ညို၊ သံတော်ဆင့်မောင်စော၊ မြို့စာရေး ကံကော်၊ ဗြဲတိုက်သံတော်ဆင့် မောင်တုတ်၊ ပန်းပဲစား ဘိုးအို စသော ရနောင်မောင်မောင်တုတ်၏ အပေါင်းအပါများ ဖြစ်သည်။

ရနောင်မောင်မောင်တုတ်နှင့် ပြိုင်ဘက်ဖြစ်သော ရွှေလှံမြို့ဝန် ဦးချုံသည် မောင်တုတ်ဤကဲ့သို့ဖြစ်သည်ကို ကြိတ်၍ ဝမ်းသာနေမိတော့သည်။ တစ်နေ့တွင် မောင်တုတ်သည် တစ်နည်းနည်းဖြင့် ငါ့၏လက်သို့ ရောက်ရမည်ဟု အခဲမကျေနိုင်သော ဦးချုံသည် လူအူသုပ်နှင့် လက်ဖက်ရည်သောက် ဖိတ်သည်ကိုလည်း အမြဲတစေ သတိရနေမိသည်။

သို့သော် သီပေါမင်း ကိုယ်တိုင်က “မောင်တုတ်တသက် ငါ့လက်နှင့် မသေစေရ”ဟူသော ကတိစကား ထားရုံတွင်သာမက မှူးမတ်ပေါင်းစုံညီသည့် ဘွဲ့မည်ရည် အဆောင်အယောင် ပေးသည့်နေ့က မိန့်တော်မူချက်ကိုလည်း ပြန်လည် သတိရနေမိသည်။

ထိုစဉ် သီပေါဘုရင်သည် ရနောင်မောင်မောင်တုတ်၏ အိမ်သို့ မင်းချင်းများကို လွှတ်၍ ပြစ်မှုအတွက်သက်သေ အထောက်အထားများကို ရှာခိုင်းသည်။ ပစ္စည်းတခုတည်းနှင့်ပင် ရနော်မောင်မောင်တုတ်ကို သေဒဏ်ပေးနိုင်လေသည်။

သူ၏ အိပ်ခန်းအထဲ၌ ရွှေများဝင်းအောင် ခြယ်သထားသည့် ရွှေသလွန်တခုကို တွေ့ရသည်။ ယင်းရွှေသလွန်မှာ ရှင်ဘုရင်များသာ အသုံးပြုခွင့် ရှိသည့် ရွှေသလွန် ဖြစ်သည်။ ထို့နောက် မင်းတရားထံ သံတော်ဦး တင်လိုက်ကြသည်။ သူတို့ ဆင်ထားသည့် အကွက်များကလည်း ပိပိရိရိရှိလှသည်။ အလွယ်တကူပင် သီပေါဘုရင်က ယုံကြည်သွားဟန် တူသည်။

သီပေါဘုရင်သည် မိမိရဲ့နောင်တော်တမျှ ချစ်ခင်အားကိုးခဲ့သော ရနောင်မောင်မောင်တုတ်အား မည်သို့ အပြစ်ပေးရန် စဉ်းစားနေစဉ် မိဘုရားခေါင်ကြီး စုဖုရားလတ်သည် ဤအရေး၌ မိမိအား အားသွန်ခွန်စိုက်ကူညီခဲ့သော တိုင်းတာမင်းကြီး၏ အလို ဖြည့်ဆည်းသည့်အနေဖြင့် ၎င်း၏တူတော်သူ ဗိုလ်မင်းကျော်ကို တောင်ထားဝယ်ဗိုလ် လက်သုံးတော်ကိုင်ရ နောင်မောင်မောင်တုတ် အရာကျလျှင် ၎င်းနေရာ၌ ခန့်ထားရန် ကတိပေးခဲ့သည်။

လက်သုံးတော်ကိုင် အဖြစ်ကမူ မိဘုရားခေါင်ကြီး အထူး စိတ်ချတော်မူသော မင်းထင်ရာဇာဆိုသူအား ခန့်အပ်ရန် စီစဉ်ထားသည်။

သည်လို ကတိပေးထားသည်ဆိုကတည်းကပင် ရနောင်မောင်မောင်တုတ်ကို စုဘုရားလတ်နှင့် တိုင်းတာမင်းကြီးတို့သည် နဂိုကကပင် အပြတ်ရှင်းဖို့ စီစဉ်ထားဟန် တူသည်။

ဤသို့ ရနောင်မောင်မောင်တုတ် အခမ်းခံရပြီးနောက် မကြာခင်မှာပင် ဗန်းမော်တွင် ရောက်နေပြီး အရာအချခံထားရသည့် တောင်သမန်လယ်စား မောင်ဖေငယ်ကို ဗန်းမော်၌ပင် အဆုံး စီရင်လိုက်ကြသည်။

ထိုစဉ် အခြေအနေ အရပ်ရပ်ကို နားလည်ပြီးထားရှိဟန် တူသည့် တိုင်းတာမင်းကြီးက ရနောင်မောင်မောင်တုတ်၏ အခြေအနေကိုမေးမြန်း၍ ရွှေလှံမြို့ဝန်မင်းအား သတိပေးစကား ပြောလိုက်သည်။

“မောင်မင်း လုပ်ရမယ့် အလုပ်တွေ ဘာကြောင့် ဖင့်နှေးရသလဲ၊ ဟိုက မင်းတရားကြီး စိတ်ပြေလို့ လွှတ်စေဆိုရင် မင်း သေမယ်သာ ပြင်ပေတော့” ဟု ပြောလိုက်ရာ ရွှေလှံမြို့ဝန်သည် အထိတ်ထိတ် အလန့်လန့် ဖြစ်သွားသည်။ ထို့နောက် တိုင်းတာမင်းကြီးကို နှုတ်ဆက်ပြီး လက်မရွံ့ထောင်ကြီး အထဲသို့ ဝင်၍ လူအလစ်တွင် သူကိုယ်တိုင် မောင်တုတ်၏ လည်ပင်းသို့ လှံဖြင့် ထိုးသတ်လိုက်သည်။ ပြီးမှ မောင်မောင်တုတ်သည် အချုပ်ခန်းထဲ၌ သူ့ကိုယ်သူ ကပ်ကြေးဖြင့် သတ်လေဟန် အကွက် ဆင်ထားခဲ့သည်။

ဤသို့ဖြင့် ရနောင်မောင်မောင်တုတ်သည် ဘဝနိဂုံး ချုပ်သွားခဲ့ရလေသည်။ သို့သော် သူသည် ဆင်းရဲသော ပြည်သူများအပေါ်၌ မိမိတတ်နိုင်သမျှ ပေးခဲ့ ကမ်းခဲ့ ကျွေးမွေးခဲ့သည်။

ထင်ထင်ရှားရှား ပြစရာဟူ၍ ဘုရားကျောင်းကန်များ မလှူနိုင်ခဲ့ချေ။ သူ့ညီဖြစ်သူ ပင်းသာမြို့စား မောင်မောင်ပြောင်းကမူ မဟာမုနိဘုရားကြီးတိုက် အာနန္ဒာဘုရား အရှေ့ဘက်တွင် ပင်းသာကျောင်းဟူသော ကျောင်းကြီးတစ်ကျောင်း လှူဒါန်းခဲ့သေးသည်။ ဘုရားစေတီများလည်း အများအပြား လှူဒါန်းခဲ့သည်။

📝📝📝သန်းဝင်းလှိုင်

၁။ (က) မောင်ဖေငယ် ရနောင်မောင်မောင်တုတ် ရန်ကုန်၊ တင်ဆွေစာပေတိုက်၊ ပ -ကြိမ်၊ ၁၉၇၅ ခု။ခ) မြကေတု “ရနောင်မောင်မောင်တုတ်” မြဝတီမဂ္ဂဇင်း၊ စာ- ၅၆၊ ၆၃။ (ဂ) တက္ကသိုလ်နန္ဒမိတ် “ရနောင်မောင်မောင်တုတ်” မြဝတီမဂ္ဂဇင်း၊ စာ – ၉၇၊ ၁၀၂

Be the first to comment

Leave a Reply

Your email address will not be published.


*